Saturday, January 4, 2014

စိန်ခေါ်သံ

ဘ၀ဟာနိမ့်ကျလို့ အားမငယ်ပါဘူး
ဖက်တွယ်စရာမရှိလဲ အပြစ်မတင်ဘူး
ဇာတ်ဆရာအလိုအတိုင်းလဲ မလိုက်နိုင်ဘူး
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လို့
အနာဂတ်လမ်းကို ကိုယ်ပဲပုံဖော်မယ်
ကိုယ့်လမ်းကိုယ်လျှောက် လမ်းကိုဖောက်လို့
ပန်းတိုင်ရောက်အောင် ငါရွက်လွှင့်မယ်
အတ္တကြီးတာမဟုတ်ပါဘူး
ဘ၀တိုက်ပွဲအနိုင်နွဲဖို့
ပြင်ဆင်မှုမှာ အမှီမရှိတစ်ကိုယ်တည်းမို့
လမင်းကကြီးလိုတော့ အအေးမြနိုင်ပါ
ကိုယ့်အားကိုယ်ကိုး ငါကြိုးစားလို့
အောင်မြင်ဖို့အရေး ငါတွေးတောကာ
ကြိုးစားရင်းက
မှီခိုမှုကင်းတဲ့ နေမင်းကြီးပဲဖြစ်ချင်တယ်

ချစ်မေမေ

ရင်မှဖြစ်ပွား ဒီသွေးသားကို
မြေတောင်မြှောက်ပေး
ထွန်းကားရေးအတွက်
လမ်းခင်းပေးတဲ့ ချစ်မေမေ..
တစ်မြို့တစ်ရွားခြားနေပေမယ့်
သားကိုစိတ်ထဲ အမြဲထားကာ
ကျန်းမာစေကြောင်း
ဆုမွန်တောင်းတဲ့ ချစ်မေမေ…
မေတ္တာပြည့်ဖြိုး အချစ်တိုးလို့
သားကို ချစ်စိတ်
ကြိတ်မှိတ်မြိုသိပ်လို့
ပူပန်မှုကြား အောင်ပန်းဆွတ်ခူး
ပညာဆုနှင့်
သားပြန်အလာ မျှော်နေမိတဲ့
ချစ်မေမေ…
ထိုသို့ကြီးမား မေတ္တာတရားကို
သားမောင်ခံစား
သိနားလည်ကာ အမေ့အတွက်
အမေမှန်းတဲ့ အောင်ပန်းသပြေ
ဘွဲ့ အထွေထွေကို ချစ်သား
ဒီမောင် ရအောင်ယူလာခဲ့ပါ့မယ်
ချစ်မေမေ…

ကောင်မလေးရယ်

သစ္စာနဲ့ မေတ္တာ ဘာကွာခြားသလဲ
ငါမသိချင်ဘူး ငါ့အချစ်မှာ
နှလုံးသားတစ်ခု အရင်တည်ပြုလို့
ငါအသက်မက ပုံအောချစ်ခဲ့တာ
အချစ်နဲ့ အမုန်း အစအဆုံးကို
ငါမသိချင်ဘူး ငါ့အချစ်မှာ
ငါ့မာနကိုကို စတေးလို့
ငါ့စာမျက်နှာတွေကို နင်ဖတ်နိုင်အောင်
နှလုံးသွေးနဲ့ စာစီထားတယ်…
အကြင်နာနဲ့ ယုယမှုတွေအတွက်
နင့် အချစ်တွေပြန်မရနိုင်ရင်တောင်
ငါ့သိက္ခာ ငါဆယ်လို့
ကွယ်ရာကပဲ ချစ်တော့မယ်
ကောင်မလေးရယ်…

စိတ်ကူး

ကောင်းကင်အောက်မှာ
ဒို့နှစ်ယောက် နှစ်ကိုယ်တည်း
နောင်အနာဂတ်မှာ တူယှဉ်တွဲ
ချစ်ပွဲဝင်မယ်လို့ စိတ်ကူးထားတယ်
ညစဉ်ညတိုင်း အတွေးတွေနဲ့
အဖော်ပြု အလုပ်မအားတဲ့
နင့်ကို ငါအရမ်းလွမ်းတယ်..
နေ့စဉ်နေ့တိုင်း မဖုန်းမဆက်ပေမယ့်
နောက်ဆုံးတစ်ချက်က
နင်းအပြုံးလေးကို
ငါသဘောကျတယ်..

ကောင်းကင်မှားတဲ့ကြယ်

အနမ်းတွေကျပျောက်လို့
အလွမ်းတွေကောက်ရချိန်မှာ
အရမ်းပဲခံစားမိတာက အချစ်ဆိုတဲ
့ ပန်းတစ်ပွင့်ကို
မ အတွက် ခူးပေးချင်မိတယ်…
မပန်ချင်နေပါ အမှန်တရားကို
သက်သေထားလို့ မုန်းတယ်ဆိုတဲ့စကား
မဆီက ထပ်မကြားချင်တော့ပါဘူး
ကိုယ့်အချစ်တွေကို အတောင်ပံတပ်လို့
မ ဆီကို အရောက်ပို့လွှတ် နိုင်မယ်ဆိုရင်
နှလုံးသားက မေတ္တာတရား
ဘယ်လိုပေါက်ဖွားခဲ့သလဲဆိုတာ
သူတို့က ပြောပြပါလိမ့်မယ်
အခုတော့လဲ ရေမြေခြားက
ကိုယ့်နှလုံးသားဟာ ကောင်းကင်မှားခဲ့တဲ့
ကြယ်ကလေးတစ်စင်းပေါ့
ချစ်သူ့ကောင်းကင်မှာ
ပျော်ရွှင်စွာထွန်းတောက်ချင်ပေမယ့်
အချစ်မှာ လမ်းစပျောက်လို့
ကောင်းကင်မှားခဲ့ရတယ်ဟာ..

ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

ဘ၀နဲ့မျှော်လင့်ချက်ကြား ပုံပြင်တစ်ပုဒ်စာ ခြားတယ်
ဝင်းမှည့်နေတဲ့နှင်းဆီတစ်ပွင့်ဟာ
နီထွေးထွေးနှုတ်ခမ်းတစ်စုံရဲ့ပုံတူပန်းချီကားလား
မင်းကိုယ်သင်းနံ့တိုက်စားတိုင်းတုန်ခါသွားတဲ့ငါ့စိတ်ဟာ
ဘယ်လိုမှ ပြန်ခေါ်လို့မရဘူး
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ

စိုင်းနော်စိုး

အလွမ်းထောင်မှာ ဘယ်နှနှစ်ပါလိမ့်..?

ချစ်သူရေ..
ငါ့ဘယ်ဘက်ရင်အုံမှာ
စူးနစ်နေတဲ့ မြှားတစင်း
နာကျင်နေပေမယ့်
ငါမငိုချင်ဘူး….
မင်းရဲ့ချစ်စကားတခွန်းက
ပျောက်ကင်းနိုင်သလားမသိပေမယ့်
ငါကိုယ်တိုင် ခွဲခွာလာခဲ့ရ..
နှလုံးသားကကျတဲ့ သွေးစက်တွေ
သေလုမျောပါးဆိုပေမယ့်
ငါ့ကိုယ်ငါ အားတင်းထားနေဆဲ
ချစ်သူရေ..
ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်မှုနဲ့
(ကံဆိုးခဲ့ရင်)
မင်းကို လှည့်စားခဲ့တယ်ဆိုတဲ့ စွဲချက်ပါရောလို့
ခုံရုံးမှာချမှတ်မယ့်အမိန့်က
အလွမ်းထောင်မှာ
ငါဟာ ဘယ်နှနှစ်ပါလိမ့်ကွယ်….။             ။


စိုင်းနော်စိုး

မနှုတ်ဆက်ချင်ဘူး …

မနှုတ်ဆက်ချင်ဘူး …
               အဝေးကိုသွားမဲ့ မင်းခြေသံတွေကို
               ငါမကြားရက်ဘူး ချစ်သူရေ။
မနှုတ်ဆက်ချင်ဘူး …
               မျက်ရည်တွေဝိုင်းနေတဲ့ မင်းမျက်ဝန်းတွေကို
               ငါမမြင်ရက်ဘူး ချစ်သူရေ။
မနှုတ်ဆက်ချင်ဘူး …
              လက်ပြနေတဲ့ မင်းကို တားနိုင်ခွင့်မရှိရင်တောင်
              သွားခွင့်လေးပေးလိုက်ပါရဲ့
              ဒါပေမဲ့လည်းလေ “မနှုတ်ဆက်ချင်ဘူး”

စိုင်းနော်စိုး

စတေးခံနှလုံးသား

မောင်တော် ရက်စက်တယ်လို့ စွပ်စွဲရင်လည်း ခံရုံပါပဲ…
မောင်တော်က ရက်စက်တဲ့ ယောက်ျားတစ်ယောက်ပါ ယသော်…
မောင်တော့်ကို မုန်းလိုက်ပါ… ရက်ရက်စက်စက်မုန်းလိုက်ပါ ယသော်…
မောင်တော့်ကို တစ်စက္ကန့်လေးတောင် မလွမ်းရစ်ပါနဲ့…
ထားခဲ့တဲ့ သူတစ်ယောက်ကို အငြှိုးကြီးစွာနဲ့ နာကြည်းရစ်ပါတော့ ယသော်ရယ်…
မောင်တော့်မှာ နှလုံးသားမရှိဘူး မသနားတတ်ဘူး မစာနာတတ်ဘူး လို့သာ ထင်လိုက်ပါ…
နောက်ဆုံးနှုတ်ဆက်ချိန်မှာ မောင်တော့် မျက်ဝန်းအိမ်က မြစ်တစ်စင်း စီးဆင်းခဲ့ပါတယ်ဆိုတာတောင် ယသော် မသိပါစေနဲ့တော့…
ယသော်ကို နှိုးပြီး နှုတ်ဆက်ချင်ပေမယ့် နှုတ်ဆက်ခဲ့ရင် ယသော်ငိုကြွေးမှာ မောင်တော့်ရှေ့မှာ ခံစားနေရမှာ မကြည့်ရက်လို့ပါ…
ချစ်သူတစ်ယောက်ငိုကြွေးနေတာမြင်ရဲ့သားနဲ့ ကျောခိုင်းပြီး လှည့်ထွက်နိုင်အောင် မောင်တော် မစွမ်းနိုင်သေးလို့ပါ ယသော်ရယ်…
မောင်တော်လည်း မထားခဲ့ချင်ပါဘူး…
ယသော်နဲ့ အတူတူ မခွဲတမ်းသက်ဆုံးတိုင် ကြည်နူးချင်တာပေါ့…
ဒါပေမယ့် မောင်တော်ဟာ မွေးလာကတည်းက ကြီးမားတဲ့ တာဝန်တစ်ခုကို ပုခုံးပေါ်ရွက်ခဲ့ရသူပါ ယသော်…
တစ်ဦးတစ်ယောက် တစ်မိသားစု ကြည်နူးဖို့အတွက် လူ နတ် ဗြဟ္မာ သတ္တ၀ါများစွာရဲ့ မျက်ရည်ကို မောင်တော် မြေမှာ မခြွေချရက်ဘူး ယသော်…
သင်္ဘောတစ်စီးဟာ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ရုန်းကန်နေချိန်ပေါ့…
အဲဒီ အချိန်မှာ သင်္ဘောကပ္ပတိန်ဟာ သူ့ချစ်သူ ပင်လယ်ပြင်ထဲ လွင့်စင်ကျသွားတာကို မြင်လိုက်ရတယ်ပေါ့ယသော်…
အဲဒီ ကပ္ပတိန်ဟာ အသက်ကယ်လှေချပြီး သူ့ချစ်သူကို ဆင်းကယ်မှာလား…
ဒါမှမဟုတ် ခရီးသည်ပေါင်းများစွာကို မုန်တိုင်းနဲ့ ဝေးရာ ပို့ပေးဖို့ သင်္ဘောကို ဆက်လက်ခုတ်မောင်းမှာလား…
အဖြေကရှင်းပါတယ် ယသော်… သူဟာ ကပ္ပတိန် တစ်ယောက် ဖြစ်တာကြောင့် လူအများအတွက်ကိုပဲ ဦးစားပေးရမှာပေါ့ ယသော်…
ဒါပေမယ့် သူ့ရဲ့ပါးပြင်ထက်မှာတော့ မျက်ရည်တွေ တစ်သွင်သွင် စီးဆင်းနေမှာပေါ့…
ပိုပြီးကြီးလေးတဲ့တာဝန်တစ်ခုအတွက် ယသော့်အပေါ်မှာ မောင်တော် တာဝန်မဲ့ရတော့မယ် ယသော်…
ထွက်ခွာသူနဲ့ ကျန်ရစ်သူ ဘယ်သူပိုခံစားရမလဲဆိုတာ မောင်တော်စာနာမိပါတယ်ယသော်…
နှစ်ကိုယ်တူ လည်ခဲ့ဖူးတဲ့ နန်းဥယျာဉ် လပြည့်နေတိုင်း ထိုင်ကြည့်ခဲ့ဖူးတဲ့ ပဒုမ္မာကန်နံဘေး ရွှေလက်တွဲပြီး သွားခဲ့ဖူးတဲ့ နန်းတော်အနှံ့ အို… မောင်တော်နဲ့ အတူတူ ရှိခဲ့ဖူးတဲ့ နေရာတိုင်းဟာ ယသော့်အတွက် သတိစရာ လွမ်းစရာတွေ ဖြစ်နေခဲ့မယ်ဆိုတာ မောင်တော်သိပါတယ်…
တွေးလေလွမ်းလေ လွမ်းလေခံစားရလေ ခံစားရလေတွေးလေ… အဆိပ်မှန်းသိရက်နဲ့ တစ်တို့တို့သောက်နေမိမယ့် အဆိပ်တစ်ခွက် ယသော့်အတွက် မောင်တော်ချန်ခဲ့မိမယ်ဆိုတာ မောင်တော်သိပါတယ်ယသော်…
မောင်တော့်ရဲ့နှလုံးသားမှာ ယသော်ဟာ နောက်ဆုံးချစ်ခဲ့တဲ့ မိန်းကလေး ဖြစ်မှာပါ ယသော်…
မလွမ်းမဆွေးပဲ မုန်းတီးခြင်းများစွာနဲ့သာ နေရစ်ပါတော့ ယသော်ရယ်…
ယသော်ဓရာ၏ မျက်နှာကို ကြည့်ကာ သားတော်ငယ် ရာဟုလာ၏ နဖူးကို နမ်းရှိုက်ပြီး သိဒ္ဓတ္ထမင်းသားသည် စက်တော်ဆောင်ပြင်သို့ထွက်ခွာလေ၏ ။
စက်တော်ဆောင် တံခါးသို့ ရောက်သောအခါ သိဒ္ဓတ္ထမင်းသားသည် ယသော်ဓရာကို နောက်ဆုံးအနေဖြင့် လှည့်ကြည့်၍ စကားတစ်ခွန်းကို တိုးညှင်းစွာ ပြောကြားခဲ့လေ၏ ။
“ခွင့်လွှတ်ပါယသော်ဓရာ…”

မေ့လိုက်ချင်တယ်

အချစ်ရယ်…
ပုန်းရှောင်ခြင်းဆိုတဲ့
အတ္တစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…
အချစ်ရယ်…
လွမ်းမောခြင်းဆိုတဲ့
ဝေဒနာစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…
အချစ်ရယ်…
ပေးဆပ်ခြင်းဆိုတဲ့
အချစ်ရဲ့ လက္ခဏာကိုရော
ဘယ်လိုရင်ဆိုင်ရမှာလဲ..
အချစ်ရယ်…
သေချာတာတစ်ခုကတော့
ငါ့ကိုသင်ပေးပါ…
နင်ထားခဲ့သမျှ အမှတ်တရတွေ
မေ့တတ်အောင်လို့…


စိုင်းနော်စိုး

လွမ်းပါ့

ငါ့ မှာတော့ လွမ်းလို့ ဆွေးလို့
မင်းကတော့ ဘာမှမဖြစ်သလို
ဖုတ် ဖတ် ခါ ချ သွားလိုက်တာများ
ဖုန်မှုန့် ကလေးကိုတောင် သနားသွားတယ်
ဒီလိုပါပဲ ခုတော့လည်း ဘာမှမဖြစ်သလိုနဲ့
မင်း ငါ့ ကို ခွဲသွားတဲ့နေ့က
နေ များ ပြောပါတယ် ကျစ်ကျစ်တောက်ကို ပူလို့
ကျောပြင်တွေတောင် ကျိမ်းစပ်
နှုတ်ဆက် အကြင်နာပေးခဲ့တဲ့နေ့က
မင်းဆိုး ခဲ့တဲ့ နှုတ်ခမ်းနီလေး သိပ်လှတယ်
အဲ့ ညနေခင်းက ပါးပြင်မှာ စွန်းထင်ခဲ့တဲ့
နှုတ်ခမ်းရာလေးကို ခဏခဏ လွမ်းပါ့............။



စိုင်းနော်စိုး

ချစ်ရတာ မောတယ်

ရှင်းလေ ရှုပ်လေ
ရှုပ်လေ ပတ်လေ
ပတ်လေ ရစ်လေ
အစရှာမရတဲ့ ကြိုးထုံးလို
ချစ်ရတာ မောတယ်
လွမ်းရတာ မောတယ်
နားလည်မှုတွေ လွဲနေကြတာ မောတယ်
ချစ်တယ်ပြောတော့ ခလေးကုလား တဲ့
လွမ်းတယ်ပြောတော့ စိတ်မပါသလိုကြီးတဲ့
လောလော လောလော ပြောတော့ ဘာဖြစ်နေတာလဲတဲ့
အေးအေးဆေးဆေး ပြောတော့ စိတ်မပါရင် စကားမပြောနဲ့တဲ့
ပြောလိုက်သမျှ စကားတွေကလည်း ကောင်းကင်ကနေ မြေကြီးထိ
ပြောလိုက်သမျှ အကြောင်းရာတွေကလည်း တစ်ရွှေလုံးတစ်မျိုးလုံးကုန်ပြီး
ပြောစရာတွေ ရှားပါးလာတော့ စိတ်ကောက်
စိတ်ကောက်တော့ ထပ်ချော့
ထပ်ချော့တော့ ထပ်ကောက်
ဟူးး..................................... ချစ်ရတာလေ
-
-
-
-
                                ဘုန်ကြီး ၀တ်ချင်တယ်





                                                                    စိုင်းနော်စိုး

မသိဘူး

လျှောက်ရမယ့် လမ်း
ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
ဆုမတောင်းခဲ့“ဘူး”
ရယ်စရာတွေပြော ပျော်ချင်ယောင်ဆောင်ပေမယ့်
ငါ ကြေကွဲတာ
ဘယ်သူမှမသိစေရ“ဘူး”
လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
Good Bye လို့  ငါမပြော“ဘူး”
သိနေတာတွေကို မသိချင်“ဘူး”
မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
ဘာတွေဖြစ်လာအုံးမလဲ???
မသိ“ဘူး”
 
 
 
စိုင်းနော်စိုး

လမ်းပြကြယ်

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။
 
 
စိုင်းနော်စိုး

ဖျော်ရည်

အတိတ် က အရိပ်မည်းတွေ
ပစ္စုပန် ကို အရိပ်လာမကျမယ့်နေ့
ကိုယ့် အနာဂတ်ကို ကိုယ်အဖီထိုးမယ်
လွမ်းဆွေးမှု အမှိုက်သရိုက် နဲ့ ၀မ်းနည်းခြင်း ဖိနပ်စုတ် ကိုချောင်ထိုး
တိတ်တဆိတ်လေး လဲလျောင်းချင်းစမ်းပါဘိ
ရစ်ပတ်တတ်တဲ့ သံယောဇဉ် နဲ့ ပူလောင်လွန်းတဲ့ ချစ်ခြင်းကြားမှာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းလို့ လောင်ကျွမ်းမှန်းမသိလိုက်
သံသယ များများ ထည့်လို့
အချစ်တစ်ခွက် ဖျော်သောက်ချင်မိ
တမ်းတမိပါရဲ့ အချစ်တွေ ပိုပိုလျှံလျှံ ဖိတ်စင်ခဲ့တဲ့
အရင်က အချိန်တွေရယ်..................။ 



                                                 စိုင်းနော်စိုး

ကောင်းကင်

ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။


                                                                    စိုင်းနော်စိုး

အဖျား

အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
အဖျားတက်နေပေမယ့် အဖျားသောက်ဆေး သောက်ဖို့ကျနော် ဖျားတယ်။



                                               စိုင်းန်ာစိုး 

ရောဂါ

တိတ်တိတ် ကလေး နေနေတာပါပဲ
ဒါပေမယ့် ရင်ဘတ်ထဲတော့ သံစုံတီးဝိုင်းတွေဖွဲ့လို့
ငြီးချင်းတွေ ချမနေတော့ပါဘူး
အားနာစရာလည်းကောင်းလှပြီ
ဖတ်ဖူးတဲ့ ကဗျာ တစ်ကြောင်းကို အရွဲ့တိုက်လို့
သောကနဲ့ တစ်ခါကြုံတိုင်း ကျနော်ကတော့ ချစ်သူပါးကလေး တစ်ချက်တော့နမ်းချင်မိတယ်။
မဖြူတော့တာလည်း သိပါရဲ့ ကိုယ့်ကိုယ်ကို အရောင်တွေ ထပ် ထပ် ဆိုးမိတာတော့
မိုက်မဲရာ ကျတာပေါ့ဗျာ
လှမ်းပြီးသားခြေလှမ်းတွေကတော့ ပြန်ဆုတ်ရ ခက်သားလား
အဲ့တာကြောင့် မထူးဇတ်တွေ ခင်းခင်းလာတာ ထူးဆန်းတာတွေကြီးဖြစ်နေတော့တယ်
အခုဆို လိမ်တတ် ညာတတ် ချေးငှားတတ်နေပြီ အကြွေးတွေလည်းတက်နေပြီ
အမေကတော့ ပြောဖူးတယ် “ ကျဲပြီးသားဆန်ကို တစ်စေ့ချင်း ပြန်မကောက်မိစေနဲ့” တဲ့
ကျနော့်တော့ မှားမှန်းသိသားနဲ့ ကျဲချလိုက်တဲ့ အမှားတွေကို တစ်စေ့ချင်း လိုက်ခြေဖျက်မိနေရဲ့
ညည ဆို ကျနော် အိပ်နေလျှက်နဲ့ နိုးနိုးနေတယ် အဲ့တာ ရောဂါပဲ ။

                                                           
                                                          စိုင်းနော်စိုး

အတိတ် ရဲ့ အရိပ်

အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။

ဒီလိုပါပဲ ဒီလိုပါပဲ နဲ့
အားတင်းပြီး အားပျက်ခဲ့တာတွေလည်းများပေါ့
ဒါပေမယ့် ဒီလိုပါပဲနဲ့ ဒီလိုပဲ ပြီးဆုံးမေ့ပျောက်ရတုန်း ။

သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

ကျေးဇူးတရားတွေ အထပ်ထပ် အတင်ခံလာရတဲ့အခါ
လောကဟင်းလင်းပြင်မှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်လို့
တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
ဒါကို ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းလို့ ဆိုနိုင်ပါ့မလား
မပျော်ရွှင်တာကတော့ အဟုတ် ။


အချိန်တွေ ကုန်ခဲလိုက်တာ
အချိန်တွေ ကုန်မြန်လိုက်တာ
ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
ခုတ်မောင်နေရင်း ....
အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။


                                     စိုင်းနော်စိုး

သူငယ်ချင်း

သူငယ်ချင်း…..
ငါ့ရဲ့ပေးဆပ်ချင်းတွေက မင်းအတွက်နည်းနေခဲ့လို့လား??
ငါ့ရဲ့အလိုက်သိတတ်မှုတွေက မင်းကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့လို့လား??
ဒါမှမဟုတ်
ငါမင်းအပေါ်စေတနာတွေပိုခဲ့တာကိုဘဲ မင်းမသိခဲ့လို့လား??
အကယ်၍ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို
မင်း “မဟုတ်ဘူး” လို့ဖြေခဲ့မယ်ဆိုရင်
မင်းကိုနောက်ဆုံးမေးခွန်းလေးမေးချင်ပါတယ်
မင်းနဲ့ငါနဲ့ အရမ်းရင်းနှီးပြီး အနေတွေနီးခဲ့တာတောင်
ငါ့ရဲ့ ရင်ခုန်သံတွေ မင်းမကြားနိုင်ခဲ့တာ ဘာကြောင့်လဲ??
ငါ့မျက်ဝန်းထဲက အချစ်တွေကို မင်းမမြင်နိုင်ခဲ့တာ ဘာကြောင့်လဲ??
တကယ်လို့ အဖြူရောင်ကိုအရောင်ဆိုးမိတာငါ့အမှားပါဆိုရင်
ငါဝန်ခံပါတယ်… ငါမှားခဲ့ပါတယ်
ဒါပေမယ့်
ငါမင်းကိုချစ်မိခဲ့ပြီးမှ သိလိုက်ရတာကိုတော့
မင်းနားလည်ပေးစေချင်တယ် သူငယ်ချင်း



                          စိုင်းနော်စိုး