သေဆုံးသူအကောင့်ကို tagတွဲပြီး
ကောင်းရာသုဂတိ ဆုတောင်းပေးတယ်
ဘုရားပုံပရိုဖိုင်ချိန်းတဲ့အကျိုး သေဆုံးသူအား အမျှဝေ
တရားပို့စ်တွေ Shareတဲ့ကုသိုလ် သေဆုံးသူ ရပါစေ…
Googleမှာ အမိန့်ပြန်တမ်းထုတ်လိုက်တယ်
" ယနေ့မှစ၍ Internetနဲ့သင် မသက်ဆိုင်တော့ပေ
သင်သွားလိုရာသွား၍ သုံးလိုရာသုံးပါလေ "
ဝိဥာည်ဟာ သူ့အကောင့်လေးကို ၇ရက်တိတိ နှုတ်ဆက်တယ်
တမလွန်မှာ Wifiမရလို့ ဝိဥာည်စိတ်ညစ်နေရှာ…
--
facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒေသနာတော် တည်ဆောက်အံ့
ဆရာတော်ဘုရား အကောင့်မှာ ဒါယိကာ followerသိန်းကျော်နဲ့
ဥပုဉ်နေ့တိုင်း Liveလွှင့်ပြီး သီလပေးတယ်
ဒါယိကာ ဒါယိကာမ followerအပေါင်း သူတော်ကောင်းတို့
ဟမ်းဆက်လေး ရှေ့ချပြီး
ခြေလက် နဖူး တံတောင်ဒူး ထိခြင်းငါးဖြာ
သီလLiveအဆုံးမှာ Commentနဲ့ သာဓုသုံးကြိမ်…
ကုသိုလ်အဖို့ငှာ အသည်းပုံlikeများ ဆပ်ကပ်ပါ၏
နတ်လူသာဓု Shareစေသော်ဝ်…
ဘုရားစင်ပေါ်မှာ
သစ်သီးစိမ်းနဲ့ ထီလက်မှတ်အပြင် ဟမ်းဆက်ပါ တိုးလာတယ်
ဖုန်း ကာဗာဟာ ၂၄ပစ္စည်း စတေကာနဲ့…
---
" အခါတော်ပေးတာက နတ်ရေးတဲ့ ရွှေဖူးစာ "
ဟိုကောင်လေးနဲ့ ဟိုအကောင့်က ကောင်မလေး မင်္ဂလာဆောင်ပဲ
လော်စပီကာ မသုံးဘူး
ခန်းမ မငှားဘူး
facebookပေါ် မင်္ဂလာသီချင်း Videoဖိုင်တွေ တင်တယ်
facebookပေါ် ရေခဲမုန့်နဲ့ကိတ်မုန့်ပုံ ဧည့်ခံတယ်
မင်္ဂလာဘိသိတ် liveလွှင့်သလို
ကောင်းချီးသြဘာ Commentတွေ ပလူပျံခဲ့…
likeအရေတွက်ဟာ မင်္ဂလာဆောင်ရဲ့ စည်ကားမှုပဲ
ဘယ်မင်္ဂလာLiveက likeဘယ်လောက်စည်ကားကြောင်း အပြိုင်အဆိုင်…
---
သမ္မတကြီးPageက ပို့စ်သိပ်မတင်ဘူး
သမ္မတကတော် ဆယ်လ်ဖီ မိုက်တယ်…
နည်းပညာတိုးတက်လာတဲ့ခေတ်မှာ
လွှတ်တော်အဆောက်အုံကြီး ဟိုတယ်ဖြစ်သွားပြီ
လွှတ်တော်ဥက္ကဌအကောင့်မှာ ပုံမှန်အစည်းဝေး ပို့စ်ရှိတယ်
အမတ်မင်းများကလွဲ အခြားအကောင့်များ Commentပိတ်တယ်
ပို့စ်နဲ့အဆိုတင်သွင်းသလို ပို့စ်နဲ့ကန့်ကွက်ကြ
လိုအပ်ရင် အမတ်များCommentနဲ့ မဲခွဲဆုံးဖြတ်တယ်…
ဟမ်းဆက်ကုမ္မဏီတွေဟာ အမတ်မင်းတွေကို စပွန်ဆာပေးတယ်
ဆင်းကဒ်ကုမ္မဏီတွေဟာ လွှတ်တော်ရဲ့မိန်းစပွန်ဆာ
နိုင်ငံတော်အနာဂတ်ဟာ ဖိုင်ဘာဆက်ကြောင်းပဲ…
____
အေးဘုံနဲ့ ညီအမများကွမ်းဆိုင်ဟာ
အောင်မြင်တဲ့ Online Shop ကွမ်းဆိုင်…
မြန်ဆန်တယ် ထုပ်ပိုးမှုသပ်ရပ်တယ်
စားသုံးသူစိတ်ကြိုက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအပြည့်…
အုပ်ချုပ်ရေးမှူးရုံးမှာ ရွာသားတွေအကောင့် အကုန်စာရင်းရှိတယ်
facebook IDတင်ဖို့ ရပ်ကွက်ထောက်ခံစာလုပ်ရမယ်…
တရားခံရဲ့ ပုန်းအောင်းရာကိုသိဖို့
စခန်းမှူးဟာ တရားခံအကောင့်ကို See firstလုပ်လိုက်တယ်…
တရားခံက လူလည်ပဲ
GPSပိတ်ပြီး စခန်းမှူးကို Blockတယ် …
စခန်းမှူးခမျာ Pinky Babie Cute Lay အကောင့်တုနဲ့Addမှ
တရားခံသဲလွန်စ ရရှာ…
မှုခင်းကျဆင်းရေး သတိပေးလှုံ့ဆော်ဖို့
ဆယ်လီအကောင့်တွေမှာ ဆောင်းပါးတွေ တင်ပေးကြ…
လိုအပ်ရင်
facebookကို အညိုရောင်နယ်မြေကြေငြာပြီး
ညမသုံးရ မာရှယ်လောအမိန့် ထုတ်ပြန်ရမယ်…
__
facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အံ့
ဟုတ်တယ်…
ဇူကာဘတ်ရဲ့ ကျေးဇူးတော်ပဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
တစ်ထောင်တန်ဘေကဒ်လေး ခဲခြစ်လိုက်တယ်
ဘေကုန်သွားလည်း ဘာအရေးလဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
*500#ကို ထပ်နှိပ်လိုက်တယ် ။ ။
__________________________________________
No comments:
Post a Comment