ထီးကျန်ဆွေးမြေ့
ငြီးငွေ့တောက်လောင်
ချည်နှောင်မိသား
ထိုတရားသည်
ချစ်အားပို၍ နေမိသောကြောင့်။
ချစ်သူမြေခြား
တနယ်သွားမို့
မောင့်အားသောက
စိုးပိုက်လှသည်
ဝေးရသည့်သူ ဖြစ်နေသောကြောင့်။
ညစဉ်ညစဉ်
ခင့်ကိုမြင်၍
ကြင်ခဲ့သောရိပ်
ဟိုး...အတိတ်အား
ကြိတ်မှိတ်တမ်းတ နေမိသောကြောင့်။
ဝေးမှပိုလွမ်း
ဆိုစတမ်းဆို
ချစ်ပန်းတစ်နွယ်
မောင့်သက်လယ်အား
တွယ်တာတိုးထပ် နေမိသောကြောင့်။
အလွမ်းတေးသွား
လင်္ကာများနှင့်
ချဲ့ကားဆိုလှစ်
မောင့်အဖြစ်ကို
ပြေရစ်လှည့်ပါ
သည်းသက်ညှာအား
တိုးစွာတမ်းခေါ်
ရင်၌မျှော်လည်း
ချစ်ဖော်ခင်က
ဝေးလွန်းလှမို့
ရွှင်ပျကင်းမဲ့
သည်မောင်ရဲ့ရင်
နွမ်းလျလွန်း၍ လွမ်းခဲ့ပြီခင်။ ။
တမ်းတလွန်း၍ ပမ်းခဲ့ပြီခင်။ ။
စိုင်းနော်စိုး
No comments:
Post a Comment