Wednesday, July 31, 2013

ယုံကြည်ပါတယ် ကိုယ့်ဘေးနားလေး မရှိနေလဲ

Photo: ကိုယ့်ချစ်သူအတွက်မျှော်လင့်
ချက်တွေရှိတာပေါ့ တချိန်ချိန်မှာ
အတူတူနေသွားကြမယ်လို့...

ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်
တာပေါ့ အရာရာတိုင်းဟာသူ့
အတွက်ပဲလို့...

ကိုယ့်ချစ်သူအတွက်အမြဲအသင့်ရှိတာပေါ့ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ...

ကိုယ့်ချစ်သူအတွက်ရိုးသားရမှာ
သူ့နောက်ကွယ်မှာလဲသူမကြိုက်
တာတွေမလုပ်ဖို့ကို...

ကိုယ့်ချစ်သူအတွက်အမြဲဖြစ်ချင်
တာပေါ့...သူ့ရင်ထဲမှာကိုယ်သာ
လျှင်အမြဲထွန်းလင်းနိုင်တဲ့လူ
တစ်ယောက်အဖြစ်ပေါ့...




phoe phyu
ကိုယ့်ချစ်သူအတွက်မျှော်လင့်
ချက်တွေရှိတာပေါ့ တချိန်ချိန်မှာ
အတူတူနေသွားကြမယ်လို့...

ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်
တာပေါ့ အရာရာတိုင်းဟာသူ့
အတွက်ပဲလို့...

ကိုယ့်ချစ်သူအတွက်အမြဲအသင့်ရှိတာပေါ့ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ...

ကိုယ့်ချစ်သူအတွက်ရိုးသားရမှာ
သူ့နောက်ကွယ်မှာလဲသူမကြိုက်
တာတွေမလုပ်ဖို့ကို...

ကိုယ့်ချစ်သူအတွက်အမြဲဖြစ်ချင်
တာပေါ့...သူ့ရင်ထဲမှာကိုယ်သာ
လျှင်အမြဲထွန်းလင်းနိုင်တဲ့လူ
တစ်ယောက်အဖြစ်ပေါ့...



                      ဖန်းခါးမြေ = စိုင်းနော်စိုး

ဆုတောင်းသာ ပြည့်မယ်ဆိုရင်











အချစ်!

လူတိုင်းနဲ့ သက်ဆိုင်ပေမယ့်
  ............ချစ်တဲ့အချစ်တွေက
မောင် တစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်မောင်

အသက်!
လူတိုင်းအသက်ရှုနေတာ မှန်ပေမယ့်
  ...............ရှုသွင်းလိုက်တဲ့ လေတိုင်း
မောင်ဆိုတဲ့ ချစ်ရနံ့လေး
အမြဲပါဝင်နေတယ်ဆိုတာ
.................ကိုယ်တိုင်မေပဲ သိပါတယ်မောင်

.......ရဲ့ မနက်နိုးထတိုင်း
မောင်ဆိုတာနဲ့ အစပြုသလို
.............ရဲ့ မျက်စိမှိတ်လို့ အိပ်စက်ချိန်တိုင်း
မောင် ဆိုတဲ့ ချစ်သူမောင်က
နေရာ ယူနေတယ် မောင်ရယ်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
မောင်နဲ့ တစ်ဘ၀လုံး တွဲလက်မဖြုတ်ပဲ
လက်တွဲလျှောက်လှမ်းနိုင်ပါစေသား!!!
ဘ၀ဆက်တိုင်း
ကိုယ့်ကိုချစ်သောသူ
ကိုယ်က ချစ်သောသူ နှင့်သာ
ဘ၀ခရီးတစ်လျှောက် လျှောက်လှမ်းရပါစေသား!!!
                                                                              အမည်မဖော်သူ ''မ ''








ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း  ဖြစ်ချင်ပါတယ်

ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ်

ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို
ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ
ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို
ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ်
အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ
ချစ်သူရယ်.................
 
                                         ဖန်းခါးမြေ = စိုင်းနော်စိုး 



မောင်ရေ

အခြေအနေတွေမပေးလို့

ဝေးကွာနေပေမယ့်

မောင်နဲ့အတူ ..............အမြဲရှိနေတယ်ဆိုတာ

သတိရပေးပါနော်


မောင်ရေ

မောင်နဲ့တွေ့ချိန်မှာ 

 ............ စောင့်မျှော်တတ်တာကို
 ..............တစ်ခါတစ်လေ ပျက်ကွက်ခဲ့ရင်
မောင် နားလည်ပေးပါနော်


မောင်ရေ

မေနဲ့အတူ အနာဂါတ်လမ်းကို

တူတူလျှောက်ကြဖို့

မောင်ဆွေးနွေးပေးတဲ့

မောင့်ရဲ့ နွေးထွေးမှုတွေတိုင်းမှာ
..........
သာယာပါတယ်မောင်

မောင်ရေ

အရာရာ မေ့ရှေ့ကနေ မားမားမတ်မတ်

ရပ်တည်ပေးမယ်ဆိုတဲ့

မောင့်ရဲ့ ယောင်္ကျားကောင်း စိတ်ဓါတ်ကို

  ............... လေးစားဂုဏ်ယူနေမိတယ်ဆိုတာ
မောင် တစ်ယောက် သိပါစေနော်


မောင်ရေ

 ................တို့ တူတူလျှောက်လှမ်းကြမယ့်
ဘ၀ခရီးလမ်းမှာ

မောင့်ကို ယုံကြည် နားလည်မှုတွေနဲ့

အားကိုးသွားမယ်ဆိုတာ

မောင် အတွေးလေးထဲ

အမြဲရှိနေပေးပါနော်


မောင်ရေ

  .....ပြောချင်တဲ့ 
စကားတွေကို 

ပြောပြခွင့်ရအောင်

ရှိနေပေးတဲ့ 

မောင့်ရဲ့ ရင်ခွင်လေးကို 
.............အရမ်း ချစ်တယ်မောင် ♥ 





                                       အမည်မဖော်သူ   ''မ'' တစ်ယောက်

စိတ်ရဲ.အလိုကျ



တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ 
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်
ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော
ဘယ်လောက်ပဲ သစ္စာတွေရှိရှိ
တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး
စိတ်ပူနေတတ်ပြန်ရော
ကိုယ်ချစ်တဲ့ချစ်သူက
ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့
မဆုံးဖြတ်နိုင်ပါဘူးလေ
ဒါပေမယ့်
သေချာပါတယ်
နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့
ဘယ်တော့မှ မတွေးမှာကိုပေါ့




                                                                                                  ဖန်းခါးမြေ= စိုင်းနော်စိုး

လှည့်စားတဲ့ အချစ်

ရင်ခွင်ချင်း မနီးသရွေ့
နောက်ဆုတ်ပြီး အားယူနေရဦးမှာပဲ
ထာဝရအတွက်ပါလို့
မကြာခဏ ဖွင့်ဟခဲမိကြပေမယ့်
ဘ၀အရေးကွယ်
စိတ်အေးအောင်လို့
ကိုယ်တိုင် အိမ်တွေဆောက်ခဲ့ကြတယ်
နောက်ကွယ်မှ ကျောခိုင်းထွက်ခွာခြင်းလို့
ယူဆလိုက်ပါတော့
ကြင်သူရေ
ကိုယ့်ကိုယ်ကိုလောက်မချစ်တဲ့
ချစ်သူကို ပုံအောချစ်ခဲ့တာပါလို့
ဟစ်အော်သူတိုင်းကို
ဟုတ်သယောင်ယောင်နဲ့
လှည့်စားပြီးကာမှ
ရင်ကွဲပက်လက်အလွမ်းတွေဖွဲ့သီလို့
တကယ်အချစ်ရူးတစ်ယောက်လို
စိတ်မလွတ်လိုက်ပါနဲ့
တကယ်တော့ဖြင့်
ယဉ်ယဉ်လေးထွက်ခွာသွားမယ့်
လှည်းယာဉ်တစ်စီးပါ။။။။။


                  ဖန်းခါးမြေ =စိုင်းနော်စိုး

တန်ပြန်လင်းလက်ခြင်း

ကောင်မလေး
အသည်းခွဲတတ်တာနဲ့
မင်းဟာ ကျွမ်းကျင်သူတစ်ယောက်မဖြစ်နိုင်သေးဘူး
 ယုံကြည်တဲ့ဓါးတစ်လက်ထက်ဖို့အတွက်
 သွေးခဲ့ ရေးခဲ့တဲ့သမိုင်း
 မိုက်ရိုင်းသွားပြီလို့သာမှတ်ပါ
အတိတ်ဆိုတာ
ကျန်ခဲ့ပေမယ့်
ထမင်းလုံးတစ္ဆေလို
အရိပ်ထိုးလို့ လိုက်ပါစမြဲပါ....
ချစ်တတ်သူဟာ
လုပ်ရဲကိုင်ရဲမှုနည်းပေမယ့်
သံယောဇဉ်တွေ မေတ္တာတွေနဲ့
ဖွဲ့တည်ထားတဲ့ ချစ်ခြင်းတွေပေါင်းစပ်ပြီး
အမြဲတမ်းနေရာပေးခဲ့တယ်
ဒါပေမယ့်
တစ်နေ့မှာ
တကျော့ပြန်
စိတ်ဒဏ်ရာများစွာနဲ့ ကြေကွဲပြီး
ဝဋ် လည်တတ်တယ်ဆိုတာ
ကံအကြောင်း မင်းနားလည်ရင်
သိမှာပါ .......။။။။။



                   
                  ဖန်းခါးမြေ = စိုင်းနော်စိုး

လူလိမ်

သူ ...

ဝင်သက် ထွက်သက်နဲ့ ချွေးစက်တွေကိုရောမွှေပြီး

သောက်ရေတစ်ခွက်အဖြစ်ပေးဆပ်ခဲ့တယ် ..... ။

သူ ...

အိပ်စက်ခြင်းနဲ့ အိပ်မက်တွေကိုဆေးဆိုးပြီး

အလင်းရောင်အဖြစ် ရောင်းစားခဲ့တယ် ..... ။

သူ ...

ရေးချင်တာက ကဗျာတစ်ပုဒ်

စာရွက်ပေါ်မှာဗလာတွေသာ အဆုပ်လိုက် အခိုင်လိုက်ပွင့်ခဲ့ရ .....။

သူ ...

ဖမ်းဆုပ်ထားချင်တာက ချစ်သူလက်ကလေး

အတွေးထဲတောင် ဖုန်းမဆက်ဖြစ်ခဲ့ပါဘူး  -

 (- ဟူး  .... )

အဝေးရောက်နေတဲ့ လူဆိုး လူမိုက်ဟာ

တစ်ဘူတာဆိုက်တိုင်း အမေ့အိမ်ကိုပြန်ချင်လည်း

ဆန့်ကျင်ဘက်အရပ်ဆီ လက်မှတ်ဝယ်ရဦးမယ် ..... ။       ။



                                                                                ဖန်းခါးမြေ = စိုင်းနော်စိုး

ချစ်သူအတွက်

မပေးဖြစ်လို့ သိမ်းဆည်းထားခဲ့တဲ့

အနီရောင်ချယ်ပန်လေး တစ်ပွင့်ဟာ .......


ငါ့ဒိုင်ယာရီစာအုပ်ကြားမှာ

ညိုးနွမ်းခြောပ်သွေ့သွားခဲ့ပေမယ့် ....

 ဖွင့်မပြောသင့်လို့ သိမ်းဆည်းထားခဲ့တဲ့

 ဖြူစင်လွန်းတဲ့ ချစ်ခြင်းတွေကတော့  ......

ငါ့နှလုံးသားထဲမှာ  မင်းအတွက် ထာဝရ ရှင်သန်နေမှာပါ .. .....။




                                                          ဖန်းခါးမြေ= စိုင်းနော်စိုး

... အမေ ...

ဒီခေါင်းစဉ်နဲ့ ကဗျာရေးရင်

ဒီစာမျက်နှာနဲ့ ဆံ့ပါ့မလား .....?

ဒီစကားလုံးတွေနဲ့ ကဗျာဖွဲ့ရင်ရော

အမေ့မေတ္တာလောက် ရသမြောက်ပါ့မလား ......

....`` ဘယ်ပန်းချီ .. ရေး .....လို့ .. မမီ ....´´  တဲ့

အဲဒီလို သီချင်းသံစဉ် တွေအားလုံးကလည်း

ပုခက်လွှဲရင်း အမေဆိုခဲ့တဲ့ ....အို..အိုး.....အို ...´´ ဆိုတဲ့

(၃)လုံးသော  တေးသံလေးထဲက      အဓိပ္ဂါယ်တွေလောက်

နက်ရှိုင်းမှုရှိပါ့မလား  ....?


                                         ဖန်းခါးမြေ = စိုင်းနော်စိုး

အမှားတစ်ခု

မေမေ ...

သားကို ငယ်ငယ်တုန်းပြောခဲ့ဖူးတယ် ...

အချစ်ဆို တာမီးလိုပဲ တဲ့ ...

အရမ်းပူလောင်တယ် လို့ ...

ဒါပေမယ့်  မေမေ ...

ရင်ခုန်သံရဲ့စေ့ဆော်မှုကြောင့်

မေမေပြောတဲ့ မီး ဆိုတဲ့အရာကို

တက်မက်စွာနမ်းရှိုက်မိလို့

သားရင်ဘက်ထဲမှာ အရမ်းပှုလေင်နေပြီမေမေ ...

ပြင်လို့မရတော့တဲ့ အမှားတွေက -

နှုတ်လို့မရတော့တဲ့ ဆူးတွေလို ...

မျှော်လင့်လို့မရတော့တဲ့ ချစ်ခြင်းမေတ္တာတွေက -

ဖြေလို့မရတော့တဲ့ အဆိပ်တွေလို ...

သားရင်ထဲမှပြည့်နက်နေလို့ ...

ဒီနေ့ ဆိုတဲ့အိပ်ရာဝင်တိုင်းမှာ

ကဗျာတစ်ပုဒ်နဲ့ အဖော်လုပ်ပြီးငိုကြွေးနေရတယ်ဆိုတာ ...

မေမေ သိခဲ့ရင်  ...... ။     ။


                                           ဖန်းခါးမြေ = စိုင်းနော်စိုး

မပေးဖြစ်တဲ့စာတစ်စောင်

မင်းမရှိတဲ့နောက်တစ်ရက်မှာ

ငါ့အချစ်သစ်ပင်တစ်ခုလုံး

 အလွမ်းပန်းတွေ တွေဝေဆာနေလိုက်တာများ

တို့နှစ်ဦးရဲ့အတိတ်ပုံရိပ်များစွာဟာ

အတွေးတွေထဲအထိ ဝေ့ဝဲကာကြွေကျနေတော့တယ် ..... ။

နေရာဟောင်းတွေရဲ့လှောင်ရယ်သံ ...

အထီးကျန်ညများ -

သတိတရနဲ့ အလွမ်းပန်းတစ်ပွင့်စီကို ကြိုးနဲ့သီလို့

 ချစ်သူဖတ်ဖို့ စာစီကုံးအပြီးမှာ

အလွမ်းရနံ့တွေသင်းလိုက်ပုံက

ကိုယ်တိုင်မျက်ရည်ဝဲမိလို့

ရည်ရွယ်ရာမပို့ရက်ခဲ့ပါဘုး

အားငယ်သူ ချစ်သူငယ်ငယ်အတွက်

အလွမ်းပြေဖို့နမ်းရှိုက်ခြင်းမှာ



မျက်ဝန်းလေးတွေမိုးစိုနေလိမ့်မယ် .....     ။     ။




                                     ဖန်းခါးမြေ = စိုင်းနော်စိုး

ချစ်သူ မဖတ်ရ

မြင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ

ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?

Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။

ငါ -

နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ

-ငါကိုယ်တိုင်မသိသော

-နင် နားမလည်နိုင်သော

-မေးခွန်းနဲ့တူသော

ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။

ချစ်လွန်းလို့

ရှေ့ရေးကို မင်းအတွက်တွေးပြီး

ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။

နင် -

တကယ်မသိဘူးနော် ...

လဆန်း-လပြည့်-လကွယ်-

ဘယ်နေ့ညကများ

အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့

သန်းခေါင်ယံညရဲ့လမ်းပေါ်

အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်

ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....

( ဘာ့ကြောင့်များ )

စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ..... ?  





                                                                 ဖန်းခါးမြေ = စိုင်းနော်စိုး

မငိုနဲ့တော့ ချစ်သူရေ ...

ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့

မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?

အဖြေကို ရှာမတွေ့ခင်မှာပဲ -

- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....

ဒီလိုပါပဲ ...

ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -

- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -

- ချစ်သူ ခမျာမှာလည်း

မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...

မငိုပါနဲ့ ...

မငိုနဲ့တော့ ချစ်သူရေ ...

နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....



.......... ...... ..........

ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက

ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?

ခလေးငယ် တစ်ယောက်ရယ် ...

မရေရာသေးတဲ့ အနာဂါတ်ကို

ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?

သူမအတွက်တွေးပြီး

အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။

တစ်ခါတရံမှာ

အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို

သူမကို မြတ်နိုးခဲ့ပါတယ် .....

တစ်ခါတရံမှာတော့

အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်

အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး

ကိုယ့် အလှည့်ရောက်ခဲ့ရင်

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်

သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...

အချစ်စစ်မှန်ရင်

ရွပ်ရွပ်ချွံချွံ ပဲ  ပေးဆပ်လိုက်မယ် ..... ။     ။







                                                         ဖန်းခါးမြေ= စိုင်းနော်စိုး

ပျံသန်းခြင်း

မျိုးဆက်သစ်တွေအတွက် ရှင်သန်ခဲ့တဲ့ သူ

သူ လိုအပ်နေတာက သွေး

အသက်ပေးဖို့ ဝန်မလေးတဲ့ သူ

*ရည်ရွယ်ချက်က မွန်မြတ်တယ်

*ဆုံးဖြတ်ချက်က ပြတ်သားတယ်

ကြွားတာမဟုတ်ဘူး ...

 သူနဲ့တွေ့ရင် ခင်များဆိုလည်း *ဖျားမှာပဲ

သူရှင်သန်ခဲ့ရတာ *အဆိပ်ငွေ့တွေထဲ

Friends18.com Orkut Scrapsလွတ်ဖို့ သိပ်မသေချာတဲ့ *ထောင်

ရှော့ခ်တိုက်ဖို့ စီမံထားတဲ့ လျှပ်စစ်တွေကြားက -

နောက်လူတွေအတွက် အသက်စွန့်ပြီး ရောက်လာခဲ့ရှာသူ

သူ ကျွန်တော့်ဆီ ရောက်လာတဲ့အချိန်မှာ -

ကျွန်တော် မသိဟန်ဆောင်နေခဲ့ပါတယ် ...

သူ *ပြန်သွားတော့မှ ယားနေတဲ့လက်ကို ကုတ်ဖဲ့ရင်း နှုတ်ဆက်လိုက်မိတယ် ...

                                                                      ဖန်းခါးမြေ = စိုင်းနော်စိုး

အမှောင်ချထားသော



သိပ်ပြီးပွင့်လင်းလွန်းတဲ့ သူငယ်ချင်း

ဘယ်သူမှ မသိလိုက်တဲ့အချိန်မှာ

ကွက်လပ်တစ်ခုရဲ့ လျှို့ဝှက်ခြင်းကို ခံလိုက်ရပြီ  ..... ။


ဆောင်းနှင်းပွင့်တို့ နှုတ်ဆက်ကြချိန်မှာ -

စာသင်ခန်းထဲ သူရောက်လာခဲ့တယ် ...

သမိုင်းစာအုပ်ထဲက တစ်ချို့တစ်ဝက်ကို ပြင်ဆင်ခွင့်ရဖို့ -

အင်္ဂါနေ့တိုင်း ကျောင်းမလာဘူး လို့မှာထားခဲ့ဖူးတယ် ...

သူ့အိမ်မှာ ဒေါင်းတစ်ကောင် ရှိတဲ့အကြောင်းနဲ့ပါက်သက်ပြီး -
သူမပြန်ခင်မှာ စကားနည်းနည်းပြောဖြစ်ကြတယ်  ...
တကယ်ဆို ...

မင်းက ကိန်းပြည့်သဘောဆောင်တဲ့ ဗလာစာရွက်တစ်ရွက်ပါ -

ကိုယ့်ကိုယ်ကိုယ် ရွက်လှေချိုးပြီး ရွက်လွင့်ခဲ့သူပေါ့  ...

ဒါပေမယ့်ကွာ -

မင်းပင်လယ်က လှိုင်းကြမ်းလိုက်တာ ...

ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့ .....

အဲဒီနောက်တော့ တော်တော် ကြာကြာ သူပျောက်နေခဲ့တယ်  .....


နောက်ဆုံးအကြိမ် သူ့ကို တွေ့လိုက်တုန်းက

နောက်သုံးနှစ်ဆို လွတ်ပါပြီကွာ ...တဲ့
သူပြောခဲ့တဲ့စကား

တကယ့် တကယ်တမ်းမှာ

ပါမောက္ခတွေကိုယ်တိုင် ဝါကျအထားအသို မှာယွင်းကြတုန်းပဲ

အခုတော့ ကြိုးပြတ်သွားခဲ့ပြီလေ ...

ဒီသောက်ရေတွင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာဆီ

ရေငင်ပုံးလေး နစ်မြုပ်သွားခဲ့ပြီ ... နစ်မြုပ်သွားခဲ့ပါပြီ  ..... ။       ။




                                            ဖန်းခါးမြေ= စိုင်းနော်စိုး

"လွမ်းရတဲ့အကြောင်း"

သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။

သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။

ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။
http://api.ning.com/files/P-E8RgcLMDF*5IwlFwTHmaEWRRLRETd349iD4oiT3MZgsNWmeV5SmZe64jxxyplwrwVP0JWAYgy4c0rCkSKWka2QDWHpg802/61.gif                                              ဖန်းခါးမြေ= စိုင်းနော်စိုး

မလွယ်ပါဘူး

အဲသည့်နေ့တုန်းကအဆောင်အခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်အိုက်စက်စွာနေနေရလိမ့်မယ်လို့ဘယ်လိုလုပ် ကျွန်တော်ထင်ခဲ့မှာလဲ။ပီးတော့တနေကုန်အပြင်ဖက်က စပီကာသံကြီးတွေကို နားစွင့်ပြီး ဆိုင်ကယ် လီဗာသံတွေကိုပဲ နားဆင်နေခဲ့ရတာ။တကယ်ကိုကြကွဲခဲ့ရတဲ့သင်္ကြန်ရက်တစ်ရက်ပါပဲဗျာ။

ကျွန်တော် ဒီအကြောင်းတွေကို ရင်ဖွင့်သင့်လား စဉ်းစားနေတာကိုက ကြာလှပြီ။ ကျွန်တော် ရင်ဖွင့်လိုက်ရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာ စိုးရိမ်တယ်။ ပြီးတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းနေတယ်လို့ ထင်သွားကြမှာလည်း ဆိုးတယ်။ ကျွန်တော်ဆိုတဲ့သူကလည်း ကျွန်တော်ပါပဲ။ ကိုယ့်ကိုထိပြီထင်ရင် လုံးဝကို ခံတတ်တာမဟုတ်။ ဆတ်ဆတ်ထိမခံဆိုတာ ကျွန်တော်လို လူမျိုးကိုပြောတာ။ကိုယ့်ကိုကြောတယ်ထင်လို့ကတော့ ပက်ကနဲနေအောငပန်ပြောပစ်လိုက်တာချည်းပဲ။ အဲဒီအကျင့်ဆိုးတွေကြောင့်လည်းနရာတိုင်းမှာ လူတိုင်းနဲ့တည့်တယ်ဆိုတာက ခပ်ရှားရှား။ ဘယ်နေရာမှာမဆို ကျွန်တော်နဲ့ မတည့်တဲ့သူ၊ ကျွန်တော် ကြည့်မရတဲ့သူက ရှိကို ရှိတယ်။ ကျွန်တော်က စာသင်သားဆိုတော့ ဆရာမတွေတစ်ချို့နဲ့  မတည့်ဘူးဆိုတာလည်း သိပ်တော့ ထူးဆန်းမယ် မထင်ပါဘူးလေ။
အခုလည်ကျွန်တော်သင်တန်းမှာဆရာမတစ်ချို့နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်ပြောပြချင်လို့ပါ။
 
                                                   ဖန်းခါးမြေ=စိုင်းနော်စိုး

Friday, July 26, 2013

ချစ်တယ်လို့ ပြောခွင့်မရှိတဲ့နှုတ်ခမ်း
လွမ်းတယ်လို့  ပြခွင့်မရှိတဲ့ “မျက်ဝန်း”
ဆန္ဒတွေကို အကောင်အထည်မဖေါ်နိုင်တဲ့ ဘ၀နဲ့စာရင်
သေသွားတာကမှ ပိုကောင်းလိမ့်မယ်ထင်တယ်...
ဒါပေမယ့်လေ...
အချစ်ဆိုတာ
လူသိရှင်ကြားဖြစ်ဖို့မှ မလိုလှဘဲ
တိတ်တိတ်လေး ချစ်နေတာဟာလည်း
အချစ်ပါပဲနော်...
အဓိကက ကိုယ်ကချစ်နေဖို့
ကိုယ်ချစ်တာလဲ သူကသိနေဖို့
ဒါဆိုရင်...


အချစ်က ဘာလိုသေးလဲနော်...


                                                            ဖန်းခါးမြေ= စိုင်းနော်စိုး

မငိုပါနဲ့

ကောင်းသောနုတ်ဆက်ခြင်းပါ
မငိုပါနဲ့ နှလုံးသားရယ်...
ရှောင်လွဲမရတဲ့ ကံကြမ္မာကို
ဘာအတွက်ကြောင့်များ
ခွင့်တုန့်ပြန်နေချင်ရတာလဲ...။
အခိုးအငွေ့လေးတွေကို
ဆုပ်ကိုင်လို့
ငါ...ရဲရဲဝံ့ဝံ့ ပြုံးပြနေဦးမှာပါ
မျက်လုံးထဲက အရည်တွေ
ခမ်းခြောက်သွားတဲ့အထိပေါ့...။
ဒါပေမယ်.လေ
နင်ရောက်နေတဲ့ အရပ်နေ
အပျင်းပြေနိုင်စေဖို့
အဆုံးသတ် မလှပတဲ့
ကာရံတွေ ရေးသီရင်း
ခပ်နွမ်းနွမ်း အလွမ်းသီးချင်းတစ်ပုဒ်လောက်တော့
ငါ...ဆိုညည်းနေပါရစေကွယ်...။
သြော်..ဒီညလည်း
အိပ်စက်ခြင်းကို
တစိမ်းဆန်ရအုံးမှာပါလား...။ 




                                    ဖန်းခါးမြေ= စိုင်းနော်စိုး

အလွှမ်းကဗျာ

အချစ်ရှုံးသူ.....ငါ တကယ်တော့ မင်းရဲ့အကြည်တစ်ချက်လေးနဲ့တင် င်ါက...ခရီးလွန်ခဲ့သူပါ။ လက်တည့်စမ်းတယ်ဆိုပေမယ့်......... ငါ့နှလုံးသားဗဟိုကိုမှ မြှားသင့်ခဲ့တာ.....ကံကြမာပဲလား... ရုတ်တရက်မြှားအနှုတ်မှာ သွေးစိမ်းရှင်ရှင်စီးကျ.............. နှလုံးသားမှာဒဏ်ရာဗရပွနဲ့ မင်းကို.......... ငါ............................... လွမ်း.....မိ......နေ.......ဆဲ။


                        ဖန်းခါးမြေ= စိုင်းနော်စိုး

ချစ်သူပေးတဲ့ အလွမ်းကဗျာ....

ချစ်သူဓာတ်ပုံလေး
ငါ့ငေးကြည်ရင်း
ဖျောက်ဖျက်လို့မရတဲ့
သူအကြောင်းတွေကို
တွေးနေမိတယ်.....
မယုံနိုင်လောက်အောင်
လွမ်းဆွတ်မှုကို
အံသြစွာ
မျိုသိပ်ထားခဲ့ရသူပါ....

ချပြခွင့်မရှိတဲ့
လွမ်းချင်းတွေကို
တမ်းတချင်း
ကဗျာတစ်ပုဒ်အဖြစ်
ငါ
ရေးသားမိနေတယ်.....

ကျေနပ်စွာနေခဲ့သူ
မဟုတ်ခဲ့ပေမဲ့
ဖြစ်သလို
နေခဲ့ရသူပါ....

လိုချင်တတ်မက်မှုထက်
စွန့်လွှတ်ချင်းသာ
ကံတရားပေးခဲ့တော့
အဖြေမရှိတဲ့
ညတွေဆို
ခလေးတစ်ယောက်လို့
ငိုရှိုက်နေမိတယ်.....

မမျှော်နေမှန်းသိပေမဲ့
မျှော်နေခဲ့သူပါ...

သတိမရမှန်းသိပေမဲ့
သတိရနေခဲ့တာပါ...

မေ့နေလောက်ပြီဆိုတာ သိပေမဲ့
မေ့မရခဲ့သူပါ....

ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့
စောင့်နေခဲ့သူပါ...

အမှတ်တရဆိုလို
မင်းပေးခဲ့တဲ့
ဓာတ်ပုံလေးတွေသာ
ငါအနားမှာ
တယုတယ
သိမ်းထားခွင့်ရှိနေခဲ့တယ်...

အရာရာပျက်သုဉ်း ခဲ့ပြီ
ဒါပေမဲ့
နှလုံးသား မြိုဟောင်းမှာ
ချစ်သူခြေရာ လိုက်ရှာနေမိတယ်..
ကြိမ်ဖန်များစွာပါပဲဟာ..... 


                                                         ဖန်းခါးမြေ= စိုင်းနော်စိုး

အမေ့မေတ္တာ အမေ့စေတနာ

   ဆောင်းအဝင် နံနက်ခင်း လေပြေနွေးနွေးလေးက ငြိမ်းချမ်းစွာ မိတ်ဆက်အလာ.. ငှက်ကလေးတွေက နံနက်ခင်း တေးသံသာသာလေးတွေကို သီကျူးနေကြချိန်.. အတွေးကမ္ဘာထဲ အလွမ်းဓာတ်က တစိမ့်စိမ့် ဝင်ရောက်လို့  နေရာယူလာတယ်။
 အတိတ်အကြောင်းလေးတွေကို လွမ်းဆွတ်စွာ ပြန်တွေးရင်း  ဘာရယ်ကြောင့်မသိ လွမ်းဆွတ်တဲ့စိတ်က အမေ့ဆီကို ရောက်သွားခဲ့တယ်။ ဆောင်းအ၀င် ဒီနေ့လို မနက်လေးမှာမှ ကျွန်တော် အမေ့ကို ပိုလို့ ပိုလို့ အရမ်းလွမ်းနေမိတယ်။ ကျွန်တော် အမေ့ကို လွမ်းတဲ့စိတ်တွေနဲ့ဘဲ မလုပ်မဖြစ် လုပ်ရမဲ့ အိမ်အလုပ်တွေကို စက်ရုပ်တစ်ရုပ်လို ဇယ်ဆက်သလို ဆက်လုပ်နေခဲ့တယ်။
  အတွေးထဲမှာတော့
အမေ့အကြောင်းတွေ တွေးရင်းပေါ့။    အလုပ်ပြီးတာနဲ့ အမေ့အကြောင်းလေးကို ကွန်ပျူတာထဲ ချရေးနေမိတယ်။ အမေက ဆယ်တန်းတောင် မအောင်ခဲ့တဲ့  ရိုးသားအေးဆေးတဲ့ ယောက်ျားနဲ့သားသမီးတွေကို အရမ်းချစ်ခဲ့တဲ့ အမေပါ။  မနက်ဆို သီချင်း အေးအေးလေးတွေ ဖွင့်ပြီး  အိမ်အလုပ်လုပ်တတ်တဲ့ အမေ။  သားသမီးငါးယောက်နဲ့အဖေ လက်ဘက်ရည်ဆိုင် သွားရင် အိမ်မှာ အလုပ်တွေနဲ့ဘဲ ပျော်အောင်နေခဲ့တဲ့ အမေ။ အမေနဲ့ အတူရှိနေချိန်ဆို အမေက အမေ့အကြောင်းလေးကို သတိတရလေး ကျွန်တော်ကို ပြန်ပြောခဲ့တယ်။ ကျွန်တော်က အမေပြောသမျှကို နားထောင်နေကြလေ။
          ဆယ်တန်းတစ်ပိုင်းတစ်စနဲ့ အဖေနဲ့အိမ်ထောင်ကျခဲ့တဲ့ အမေ၊ အဖေ့ကို အရမ်းချစ်ခဲ့တယ်။ အဖေကလည်း အမေ့ကို ချစ်ခဲ့မှာပါ။  ဒီလိုနဲ့ ကျွန်တော်ရဲ့ အမကို အမေမွေးခဲ့ပြီး  နှစ်နှစ်လောက်ကြာတော့ အမေ့မှာ ကိုယ်ဝန်ထပ်ရှိလာပါတယ်။ ကျွန်တော်ရဲ့အကို ဖြစ်ခွင့်မရလိုက်တဲ့ ကလေးလေးပေါ့။ အမေကိုယ်ဝန် ၇-လလောက် ရောက်ခဲ့တော့ အဖေက နောက်မိန်းမတစ်ယောက်ကို ချစ်ခဲ့မိတဲ့ အချိန်ပေါ့။ အမေက အဖေ့ကို အဲလိုမနေဖို့ ပြောတော့ အဖေက အမေ့ကို ခြေထောက်နဲ့ ကန်လိုက်မိတယ်တဲ့လေ။
          အမေလွယ်ထားရတဲ့ ကလေးလေးက လမစေ့ဘဲ ၇-လလေးနဲ့ မွေးခဲ့တယ်။ ယောက်ျားလေးပါ။  ဘယ်လိုဘဲ ကြိုးစားပြုစုခဲ့ပေမဲ့ အသက်မရှင်ခဲ့တော့ဘူးလေ။ အမေက အဲဒီအချိန်ထဲက အဖေပျော်ဖို့နဲ့ သားသမီးလေးတွေ အဖေနဲ့မဝေးဖို့အတွက် ဘာမှအပြစ်မမြင်အောင် နေလာခဲ့တယ်။  ဒီလိုနဲ့ နေလာရင်း ကျွန်တော်ကို မွေးခဲ့တယ်။ နောက်တော့ ညီမလေးကို ထပ်မွေးခဲ့တယ်။
     အဖေက သားသမီးတွေကို အရမ်းချစ်ခဲ့တယ်။ သားသမီးတွေအတွက် အချိန်တွေ အများကြီး ပေးခဲ့တယ်။ အမေ့ကိုလည်း တာဝန်မပျက် စောင့်ရှောက်ခဲ့တယ်။ အမေကလည်း အဖေဘာလုပ်လုပ် ဘယ်လိုနေနေ မပြောခဲ့ဘူး။ သားသမီးလေးတွေအတွက်ဘဲ တွေးနေခဲ့တယ်။ အဖေက နောက်မိန်းမကို အိမ်ပေါ်ခေါ်လာင်္ပြီး ထမင်းအတူတူ လာစားတဲ့အထိ အမေဘာမှ မပြောခဲ့ဘူး။ သားသမီးတွေအတွက် သေတဲ့ထိ ရအောင်ပေါင်းမယ်လို့ ဆုံးဖြတ်ထားခဲ့လို့တဲ့လေ။ အမေ့ရဲ့ သားသမီးတွေအတွက် ပေးဆပ်ခဲ့တဲ့ သတ္တိကို ကျွန်တော်အရမ်းလေးစားမိတယ်။
          အဲလိုလေး နေလာရင်းနဲ့ အဖေက အမေ့ကို ပြန်ပြီး နားလည်လာခဲ့တယ်။  နောက်မိန်းမဆီ မသွားတော့ဘူး။ မိသားစုလေးနဲ့ ပျော်အောင် နေလာခဲ့တယ်။ တစ်နေ့တော့ ကျွန်တော်တို့ မိသားစုအတွက် ကြမ္မာဆိုးတွေ မွှေလာတယ်ထင်ပါရဲ့၊ အဖေ့ဆီ စာတစ်စောင် ရောက်လာခဲ့တယ်၊  အဖေ အသစ်ချစ်ခဲ့ဖူးတယ်ဆိုတဲ့ မိန်းမဆီကပေါ့၊ နောက်ဆုံးအနေနဲ့ ခဏလောက်လာတွေ့ပါတဲ့၊ အဖေလည်း အမေ့ကို ခွင့်တောင်းပြီး သွားလိုက်တယ်၊ အဲဒီညလေးကို ကျွန်တော်အရမ်းကို မှတ်မိနေပါသေးတယ်၊ ည ၂-နာရီလောက်ဖြစ်နေပြီ၊ အဖေ့တပည့်လေး ရောက်လာပြီး "ဆရာမရေ    ဆရာ ဆေးရုံရောက်နေလို့ လိုက်ခဲ့ပါ"တဲ့လေ။
          အမေငိုပြီပေါ့။ သားသမီးငါးယောက်နဲ့ အိမ်မှာလည်း ထားခဲ့လို့မရ။   အမေ နှဘေးအိမ်မှာ ကျွန်တော်နဲ့အမကို အပ်ထားခဲ့ပြီး ညီမလေးကို ခေါ်ကာ လိုက်သွားခဲ့တယ်လေ။  အဖေက ဆေးရုံရောက်ကတည်းက သတိမရဘဲ  ဘယ်လိုမှ ပြန်ကုလို့ မရလောက်အောင် ဖြစ်ခဲ့ပြီး  တစ်လလောက် အကြာမှာ ဆုံးခဲ့တယ်။ အမေလဲ ငို၊ သမီးတွေလဲ ငို ကျွန်တော်တို့ မိသာစုအတွက်တော့ ရွှေတောင်ကြီး ပြိုပြီလေ။
       အဖေ့အသုဘက တအားကို စည်ခဲ့ပါတယ်။ စိတ်ရင်းကောင်းပြီး အရမ်းအသင်အပြ ကောင်းခဲ့တဲ့ ဆရာဆိုတော့ အလှူငွေတွေ အများကြီးရခဲ့တာပေါ့။ အမေက တအားရိုးခဲ့တော့ အဖေ့အသုဘက ရခဲ့တဲ့ ငွေတွေ အကုန်လုံးကို အဖေ့မောင်နှမတွေက ယူသွားခဲ့တယ်။ အမေဘာမှ မပြောခဲ့ပါဘူးတဲ့။
       အဖေ့အသုဘကိစ္စတွေပြီးတော့ ကျွန်တော်တို့ ရွာပြန်ခဲ့ရတော့တာပေါ့လေ။ အမေ့လက်ထဲမှာ ငွေဆိုလို့ ၁၅-ကျပ်ဘဲ ပါခဲ့တယ်တဲ့လေ။ အမေ အားမငယ်ခဲ့ပါဘူးတဲ့။ သားသမီးတွေအတွက် အားအင်တွေနဲ့ အမေပြုံးလို့ပေါ့။ ပညာရေး တစ်ပိုင်းတစ်စ ဆယ်တန်းတစ်ဝက်တစ်ပျက်နဲ့ အိမ်ထောင်ကျခဲ့တဲ့ အမေ ဘာလုပ်ရမလဲပေါ့။
          နောက်ဆုံးတော့ အမေလေ ကောက်ညှင်းပေါင်းရယ် မုန့်တွေရယ်ရောင်းပြီး ကျွန်တော်တို့ကို ကျောင်းထားခဲ့တယ်။ အဒေါ်တွေက ပြောတယ် "မုဆိုးမတစ်ယောက်ရဲ့ ဘ၀နဲ့ ကလေးတွေကို ကျောင်းမထားတော့နဲ့"တဲ့လေ။ "သူများအိမ်မှာ အငှားထမိန်လိုက်လျှော်ရပါစေ၊ သားသမီးတွေကိုတော့ ပညာရအောင် သင်ပေးမယ်တဲ့"လို့ အမေက ပြန်ပြောခဲ့တယ်တဲ့။ အမေ့ရဲ့ ရဲရင့်စွာ ဟစ်ကြွေးသံတွေလေ။
        လောကဓံကို ကြံ့ကြံ့ခံလို့ အမေ ကျွန်တော်တို့ကို လိုလေသေးမရှိအောင် ထားခဲ့ပါတယ်။ ညအိပ်ချိန် မရှိလောက်အောင်ကို အမေ အလုပ်လုပ်ခဲ့တယ်။ စာကျက်ပြီး ပြန်ဆိုပြရင် တစ်ပုဒ်ကို စာကျက်ခတဲ့လေ ငါးမုးပေးခဲ့တယ်။ "ပညာတတ်မှ အသိရှိမယ်၊  အသိရှိမှ ဘ၀ကို ရင်ဆိုင်နိုင်မယ်တဲ့"လေ။ စာကြိုးစားဖို့ အမေပြောခဲ့တယ်။ အဖေ့အကြောင်းလေးတွေကို ပုံပြင်လေးလို အိပ်ရာဝင်ချိန်လေးမှာ အမေပြောပြ နေတတ်သေးတယ်။
          အဲဒီအချိန် အမေ့ရင်ထဲ ဘယ်လောက်ခံစား နေရမလဲလေ။  ခံစားချက်ကို မြိုသိပ်ပြီး မိသားစု မပြိုကွဲအောင် ထိန်းသိမ်းခဲ့ပေမဲ့ မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ပေမဲ့ တတ်နိုင်သလောက်လေးဘဲ ဖြည့်ဆည်းပေးနေရတဲ့ အမေ၊ ရင်ထဲမှာ ရှိတာတွေကို သားသမီးတွေ မျက်နှာနဲ့ဘဲ မြိုသိပ်ခဲ့ရတဲ့ အမေ၊    ပတ်ဝန်းကျင် ရိုက်ခတ်မှုဒဏ်တွေကို  သည်းခံနေရတဲ့ အမေ၊  အဖေက သားသမီးတွေကို ဘယ်လိုချစ်တဲ့အကြောင်း ကောင်းတဲ့အကြောင်းဘဲ ပြောခဲ့တဲ့ အမေ၊  ကျွန်မ တကယ်သနားမိခဲ့ပါတယ်။
     အမေ ကျွန်တော်တို့ကို ဘယ်တုန်းကမှ မရိုက်ခဲ့ဘူး။ "လူဆိုရင် ရိုက်ပြီး ဆုံးမစရာမလိုဘူး။ အသိရှိတဲ့ လူဖြစ်အောင် ကြိုးစား"တဲ့။ တည်ငြိမ်ရင့်ကျက်မှုတွေ ရရှိအောင် အမေသင်ပေးခဲ့တယ်။ နူးညံ့သိမ်မွေ့မှုတွေနဲ့ နားလည်တတ်အောင် ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တတ်အောင် သင်ပေးခဲ့တယ်။ ဘ၀ကို သားသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ဘဲ အဆုံးသတ်မဲ့ အမေ့ရဲ့ ကြီးမားတဲ့ မေတ္တာတွေကို ကျွန်တော်ပိုသိရလေလေ အမေ့ကို ပိုလို့လွမ်းလေလေပါဘဲ။
          ကျွန်တော် ဆယ်တန်းအောင်တဲ့နေ့က အမေကို လူတွေ ၀ိုင်းပြီးချီးမွမ်းကြတယ်။ အရမ်းတော်တဲ့ အမေတဲ့လေ။ အမေ့မျက်နှာမှာ ပီတိတွေနဲ့ပေါ့။  သားသမီးတွေကို ကျောင်းဆရာ/မ လေးတွေဘဲ လုပ်ခိုင်းခဲ့တယ်လေ။ အများရှေ့မှာ ဦးဆောင်နိုင်ရမယ်တဲ့လေ။ 
  ကျွန်တော် ထိုင်းကို သွားမယ်လုပ်တော့ အမေက "သား..  အမေက ငွေမလိုပါဘူး၊ အမေ့သားလေး အဖြူအစိမ်းလေးနဲ့  ကျောင်းဆရာ/ မ လေး ဖြစ်နေတာဘဲ မြင်ချင်တာပါ"တဲ့လေ။ ကျွန်မ ငိုခဲ့ရပါတယ်။ ကျွန်တော် အနာဂတ်အတွက် အမေ့အတွက် ထွက်လာခဲ့တယ်။ သွားခါနီး အမေ့ကို ကန်တော့တဲ့အခါ အမေက ဆုတွေပေးလိုက်တာ အကြိမ်ကြိမ်ပါပဲ။
          ထိုင်းရောက်ပြီး အမေဆီဖုန်းဆက်တော့ "သား စားစရာတွေ အဆင်ပြေရဲ့လား" တဲ့လေ။ အစားအသောက် ရွေးတတ်တဲ့ ကျွန်တော်အတွက် အမေ စိတ်ပူနေခဲ့တာ။  "အမေ့အတွက် ဘာမှ မပို့ပါနဲ့၊  သား အဆင်ပြေအောင် နေပါ၊ ဒီမှာက အမေ့နေရာ၊ အမေ့အတွက် ဘာမှ မပူနဲ့၊ သားလေးက သူများနေရာမှာ နေရတာ၊ အစစ အရာရာ ဂရုစိုက်နေနော်"တဲ့။ အမေ့မှာတမ်း စကားတွေက ကျွန်တော်ကို ပိုလို့ သတိရစေခဲ့တယ်။
       အမေက စကားကို နည်းနည်းလေးနဲ့ မှတ်သားတတ်အောင် သင်ပေးခဲ့တယ်။ "သား....   လောကမှာ သရဲတစ္ဆေတွေက ကြောက်စရာမကောင်းဘူး၊ စိတ်ကောင်းမရှိတဲ့ အတ္တကြီးတဲ့ သူတွေက ကြောက်စရာကောင်းတယ်"တဲ့။  အမေက ပညာတတ်ကြီးတစ်ယောက် မဟုတ်ခဲ့ပေမဲ့ ကျွန်တော်တို့ကို အရမ်းအဓိပ္ပာယ်ရှိတဲ့ စကားတွေနဲ့ဘဲ ဆုံးမခဲ့တယ်။
  အမေ့ဆုံးမစကားတွေကြောင့် ကျွန်တော်လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ခဲ့တယ်။ ဒါပေမဲ့ ပျော်ရွှင်မှုတွေ ဆိတ်သုန်းလို့ နွေးထွေးမှုမဲ့တဲ့ နေရာလေးမှာ သား အဝေးက  အမေ့အိမ်ကို လွမ်းနေမိတယ် အမေရယ်။ အမေ့ကို အရမ်းချစ်တယ် လေးစားတယ် သတိရတယ်။ အမေ့ကျေးဇူးကို ကျွန်တော်နေ့တိုင်း စိတ်ကူးနဲ့ ဖော်ကျူးနေမိတယ်။ နာကျင်ရက်စက်တဲ့ ခံစားမှုတွေနဲ့ အဖေ့ရင်ခွင်မှာ နေခဲ့တဲ့ အမေ၊ သားသမီးတွေအတွက် လောကဓံကို ရဲရဲရင့်ရင့် ကျော်ဖြတ်ခဲ့တဲ့ အမေ၊  ဘာမျှော်လင့်ချက်မှ မတောင့်တတတ်တဲ့ အမေ။
          ကျွန်တော် အမေရဲ့မေတ္တာ အမေ့ရဲ့စေတနာတွေကို နားလည်လာတဲ့အခါမှာ အမေ့ကို သတိရ တမ်းတ လွမ်းဆွတ်လာတယ်။ ကျွန်တော် အမေ့ကျေးဇူးတွေကို ဘယ်လို ပြန်ပေးဆပ်ရမလဲလို့ အမြဲတွေးနေမိတယ်။ တလောကလုံးမှာ ရှိနေကြတဲ့ အမေများရဲ့ မေတ္တာတရား စေတနာတရားကိုလဲ လေးစားလာတယ်။ ဒါကြောင့် ခံစားချက် တစ်ပိုင်းတစ်စ အတွေးစလေးများကို စာသားလေးတွေအဖြစ် ပြောင်းလဲ ရေးသားလိုက်ခြင်းပါ။ လောကမှာ ရှိနေကြတဲ့ အမေအားလုံးလည် ကျွန်တော်အမေလို သားသမီးတွေအပေါ်မှာ မကုန်မခန်းနိုင်တဲ့ မေတ္တာတွေ စေတနာတွေနဲ့ ချစ်ကြမှာပါပဲ။ အမေ့ရဲ့ ကျေးဇူးတရားတွေကို သားသမီးတိုင်း သတိတရ ရှိကြပါစေလို့ ဆန္ဒပြုလျှက်...
                                                  ဖန်းခါးမြေ= စိုင်းနော်စိုး